......... ရယ်
ဖြစ်နိုင်မယ်ဆိုရင်
ဂန္ထ၀င် ပန်းပုရပိုက်မှာ
နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း
နင့် နာမည်လေး စာသုံးလုံးကို
စီရရီ သီကုံးပေးချင်တယ်...။

ကျဆုံးတော့မယ့် စစ်သူရဲအိုက
ငယ်ဘ၀က ဓား နဲ့ ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကိုငါ သတိရနေတယ်...။

ငါကလည်း ခက်တယ်
ကဗျာတစ်ပုဒ်နဲ့
နေမ၀င်အင်ပါယာ
ဘယ်ဟာ ယူမလဲလို့ မေးလာရင်
ဒုတိယအရာကို ငါငြင်းတယ်...။

ချစ်ခြင်းမေတ္တာဟာ
မှော်ဆရာတစ်ယောက်ရဲ့ နိဂုံးလို
နောက်ဆုံးမှာ
မီးခိုးလုံးများ ဖြစ်သွားရော့မလားလို့
နှုတ်ခမ်းကိုက်ပြီး.. ငါ စဉ်းစားဖူးတယ်...။

စက်ရုပ်ကို ဒူးထောက်ကျစေလောက်တဲ့
နင့်ရဲ့ ... မျက်ဝန်းစိမ်းလဲ့မှာ
ငါ ... ဘယ်လိုမှ မေ့မရတဲ့
မဟာလင်္ကာ တစ်ပိုင်းတစ်စ ရှိနေလေရဲ့...။

လူဆိုတာ...
လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်
သရဲခြောက်တဲ့ ညတစ်ညကို ပိုသတိရတတ်တယ်...။

ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ ကြေးခေတ်
နူကလီးယားခေတ်၊ အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ငါ၊ ကြေငြာချက်ကတော့
နင့်ကို ထာဝရ ချစ်နေမယ် ဆိုတာပါပဲ...။

လေညင်းကလေးရေ...
ငါချစ်မြတ်နိုးရတဲ့ ကမ္ဘာရဲ့ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်း တိုက်ခတ်ပေးပါ...။

မြက်ရိုင်းက
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေ နဲ့ လ က
တစ်ယောက်ကို တစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ ... တို့ ဝေးလိုက်ကြပါစို့...။
(တာယာမင်းဝေ ရဲ့ ကဗျာလေးပါ ကြိုက်လွန်းလို့ တင်ထားတာပါ)