အတိတ်ဘဝ



စက်ဘီးကိုယ်စီယှဉ်ပြိုင်နင်းလို့
တူညီရာ ဖြူ စိမ်း ၀တ်စုံလေးတွေနဲ့
ဆရာဝန်ကြီးလုပ်မယ်
အင်ဂျင်နီယာကြီးလုပ်မယ်ဆိုတဲ့
တစ်ယောက်တစ်ပေါက်ပြောသံတွေကြား
အနာဂတ်ဆိုတာကို မေ့လျော့
အဲဒီခဏတော့ တကယ့်ကို ပျော်ခဲ့ကြရတယ်။

ပြောင်းသွားတဲ့ရာစုနှစ်တွေကြား
မအားမလပ်သူတွေနဲ့
ထားခဲ့ရက်သူတွေနဲ့
အသက်တမျှချစ်ပါတယ်ဆိုတဲ့ သူငယ်ချင်းကတောင်
မျိုးဆက်သစ်တွေပွားလို့
ငါတို့ တကယ်ကို ဝေးသွားခဲ့ကြပါလား။

လျှောက်ခဲ့ဖူးကြတဲ့ ခြောက်သွေ့တဲ့လမ်းမထက်
ခုချိန်ဆို မြေသင်းနံ့ ဆွတ်ပျံ့နေမလား
ကောက်ခဲ့ဖူးကြတဲ့ ခရေပွင့်ကလေးတွေများ
ခုချိန်ဆို သူတစ်ပါး ခူးခြွေနေမလား
အခါခါတွေးရင်းနဲ့ သတိရမိတယ်
ငါတို့ရဲ့ ကျောင်းဝတ်စုံလေးကိုရောပေါ့။

တစ်ခါတစ်ခါတော့လည်း
ပေတံစောင်းနဲ့လက်ဆစ်ခေါက်လို့
နာကျင်ခဲ့ဖူးတဲ့ လက်ချောင်းကလေးတွေကို
ယောင်ယမ်းပြီး ပွတ်မိသလို
အလှအပဆိုတာမရှိ
ဘောင်းဘ်ီဇစ်ပြုတ်တာတောင် မသိဘဲနဲ့
ခပ်တည်တည် ဆုတက်ယူခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်
ရှက်ပြုံး ပြန်ပြုံးမိတယ်။

တစ်ခါတလေ
အတွေးတွေ ချောင်ပိတ်မိတဲ့အခါ
အင်အားကုန်သုံးလို့ မိုးလုံးပြည့် အော်ဟစ်ချင်မိတဲ့အခါ
မရနိုင်မှန်းသိပေမဲ့ တပ်မက်မိတဲ့အခါ
အာရုံစွဲပုံရိပ်တစ်ခုနဲ့ ရင်ကိုအေးမြစေခဲ့ရတယ်
ဖြူ စိမ်း ၀တ်စုံလေးကိုယ်စီနဲ့ တို့တစ်တွေလေ...

ဘ၀ရဲ့ရှေ့ပြေးသင်ခန်းစာတွေမှာ
လေ့လာမှုအား နည်း များ ပေါ် မူတည်လို့
ငါတို့ဘ၀တွေ မတူညီကြပေမဲ့
ပြန်လည်မက်ခွင့်ရှိမယ်ဆိုရင်
အားလုံးမက်ချင်ကြတဲ့ အိပ်မက်ကတော့
ထပ်တူကျမယ်လို့ ယူဆမိတယ်
ပျော်ရွှင်စရာတွေ၊ ရင်ခုန်စရာတွေ
မျှော်လင့်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေ
အနူးညံ့ဆုံးနှလုံးသားနဲ့ ခံစားခဲ့ကြတဲ့
ကျောင်းသားဘ၀လေး...

လွမ်းတယ် သူငယ်ချင်းတို့ရယ်...

တာယာမင်းဝေ ရဲ့ ကဗျာ



......... ရယ်
ဖြစ်နိုင်မယ်ဆိုရင်
ဂန္ထ၀င် ပန်းပုရပိုက်မှာ
နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း
နင့် နာမည်လေး စာသုံးလုံးကို
စီရရီ သီကုံးပေးချင်တယ်...။

ကျဆုံးတော့မယ့် စစ်သူရဲအိုက
ငယ်ဘ၀က ဓား နဲ့ ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကိုငါ သတိရနေတယ်...။

ငါကလည်း ခက်တယ်
ကဗျာတစ်ပုဒ်နဲ့
နေမ၀င်အင်ပါယာ
ဘယ်ဟာ ယူမလဲလို့ မေးလာရင်
ဒုတိယအရာကို ငါငြင်းတယ်...။

ချစ်ခြင်းမေတ္တာဟာ
မှော်ဆရာတစ်ယောက်ရဲ့ နိဂုံးလို
နောက်ဆုံးမှာ
မီးခိုးလုံးများ ဖြစ်သွားရော့မလားလို့
နှုတ်ခမ်းကိုက်ပြီး.. ငါ စဉ်းစားဖူးတယ်...။

စက်ရုပ်ကို ဒူးထောက်ကျစေလောက်တဲ့
နင့်ရဲ့ ... မျက်ဝန်းစိမ်းလဲ့မှာ
ငါ ... ဘယ်လိုမှ မေ့မရတဲ့
မဟာလင်္ကာ တစ်ပိုင်းတစ်စ ရှိနေလေရဲ့...။

လူဆိုတာ...
လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်
သရဲခြောက်တဲ့ ညတစ်ညကို ပိုသတိရတတ်တယ်...။

ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ ကြေးခေတ်
နူကလီးယားခေတ်၊ အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ငါ၊ ကြေငြာချက်ကတော့
နင့်ကို ထာဝရ ချစ်နေမယ် ဆိုတာပါပဲ...။

လေညင်းကလေးရေ...
ငါချစ်မြတ်နိုးရတဲ့ ကမ္ဘာရဲ့ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်း တိုက်ခတ်ပေးပါ...။

မြက်ရိုင်းက
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေ နဲ့ လ က
တစ်ယောက်ကို တစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ ... တို့ ဝေးလိုက်ကြပါစို့...။
(တာယာမင်းဝေ ရဲ့ ကဗျာလေးပါ ကြိုက်လွန်းလို့ တင်ထားတာပါ)